ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပထမဆုံး ပွဲစဉ်မှာတင် မက်ဆီ၊ အမ်ဘာပေ၊ ဟာလန်းနဲ့ ဟယ်ရီကိန်း တို့လို ကြယ်ပွင့်တွေ ခြေစွမ်းပြခဲ့ကြပေမယ့် ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ထူးထူးခြားခြား စွမ်းဆောင်ပြနိုင်ခြင်း မရှိခဲ့ပါဘူး။
လက်ရှိ မှာတော့ ပေါ်တူဂီ အသင်းဟာ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်မှာ ရလဒ်မကောင်းခဲ့လို့ ဝေဖန်ခံနေရတာပါ။ ဒါပေမယ့် အသင်းခေါင်းဆောင် ရော်နယ်ဒိုနဲ့ ကစားသမားတွေ ကတော့ အပြင်က “ ဆူညံသံ” တွေကို လုံးဝ ဂရုမစိုက်ဘဲ အာရုံစိုက်နေကြတယ်လို့ နောက်ခံလူ ရူဘင် ဒီးရာ့စ်က ပြောလာပါတယ်။
ပေါ်တူဂီ အသင်းဟာ အုပ်စု (K) ရဲ့ အဖွင့် ပွဲစဉ်မှာ ဒီအာကွန်ဂို အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တာပါ။ ပွဲအစောပိုင်းမှာ ယာအို နီဗက်စ်ရဲ့ ခေါင်းတိုက်ဂိုးနဲ့ ပေါ်တူဂီတို့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပထမပိုင်း ပြီးခါနီးမှာပဲ ယိုအာနေး ဝစ်ဆာက ကွန်ဂို အတွက် ချေပဂိုး ပြန်သွင်းပေးခဲ့ပါတယ်။ အဲဒီ ပွဲမှာ ပေါ်တူဂီ တစ်သင်းလုံးပေါင်းမှာ ဂိုးကန်ချက် ၇ ကြိမ်ပဲ ရှိခဲ့ပြီး ဒါဟာ ၂၀၀၂ ကမ္ဘာ့ဖလား တုန်းက တောင်ကိုရီးယားကို ရှုံးခဲ့တဲ့ ပွဲပြီးရင် သူတို့ရဲ့ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ဂိုးပေါက် ကန်ချက် အနည်းဆုံးပွဲ အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ပွဲချိန် မိနစ် ၆၀ အထိ မှာလည်း ဂိုးကန်ချက် ၂ ကြိမ်ပဲ ရှိခဲ့တာမို့လို့ နည်းပြ ရော်ဘတ်တို မာတီနက်ဇ်ရဲ့ အသင်းဟာ တိုက်စစ်ပိုင်းမှာ တော်တော်လေး ရုန်းကန်ခဲ့ရတာ တွေ့ရပါတယ်။
ဒီလို စိတ်ပျက်စရာ ရလဒ်တွေ ထွက်ပေါ်ခဲ့ပြီးနောက် မှာတော့ အသင်းရဲ့ အသက်သွေးကြော ဖြစ်တဲ့ အသင်းခေါင်းဆောင် ရော်နယ်ဒို တစ်ယောက် ဝေဖန်မှု ဒဏ်တွေကို အဓိကခံခဲ့ရပါတယ်။ ရော်နယ်ဒိုဟာ ပေါ်တူဂီ အသင်း အတွက် ကမ္ဘာ့ဖလားနဲ့ ယူရိုလို အဓိက ပြိုင်ပွဲကြီးတွေမှာ ၁၀ ပွဲ ဆက်တိုက် ဂိုးပေါက် ပျောက်ဆုံးနေပြီး ဒါဟာ သူ့ရဲ့ နိုင်ငံတကာ ကစားသမားဘဝမှာ အရှည်ကြာဆုံး ဂိုးမသွင်းနိုင်တဲ့ မှတ်တမ်းဆိုးကြီး ဖြစ်နေပါတယ်။ သူ့ရဲ့ နောက်ဆုံး သွင်းဂိုး ကတော့ ၂၀၂၂ ကမ္ဘာ့ဖလားတုန်းက ဂါနာ အသင်းကို သွင်းခဲ့တဲ့ ပင်နယ်တီဂိုး ဖြစ်ပါတယ်။ ပင်နယ်တီ မဟုတ်တဲ့ သာမန် သွင်းဂိုး ကိုတော့ ယူရို ၂၀၂၀ တုန်းက ပြင်သစ်နဲ့ ၂ ဂိုးစီ သရေကျတဲ့ပွဲမှာ နောက်ဆုံး မြင်တွေ့ခဲ့ရတာပါ။
အသက် ၄၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ရော်နယ်ဒိုဟာ ဒီအာကွန်ဂိုနဲ့ ပွဲမှာ ပွဲချိန်ပြည့် ကစားခဲ့ပေမယ့် ဘောလုံး ထိချက် ၂၅ ကြိမ်ပဲ ရှိခဲ့ပြီး ဒါဟာ ပွဲထွက် ကစားသမားတွေထဲမှာ အနည်းဆုံး ဖြစ်ပါတယ်။ ဂိုးကန်ချက် ၃ ကြိမ် ရှိခဲ့ပေမယ့် အားလုံးဟာ ဂိုးပေါက် လွဲချော်ခဲ့တာချည်းပါပဲ။ ဒါ့အပြင် ပြိုင်ဘက်နဲ့ ယှဉ်လုရတဲ့ (Duels) အကြိမ်ရေ မှာလည်း ရော်နယ်ဒိုဟာ ဗဟိုနောက်ခံလူ သောမတ်စ် အာရူဟိုနဲ့ အတူ အနည်းဆုံး (၃ ကြိမ်စီပဲ ရှိပြီး ၂ ကြိမ်နိုင်) အဖြစ် မှတ်တမ်းဝင်ခဲ့သလို၊ ပေးပို့မှု ၂၁ ကြိမ် မှာလည်း ပြိုင်ဘက် ဂိုးစည်း အနီး (Final Third) ထဲကို ၇ ကြိမ်ပဲ ပေးပို့နိုင်ခဲ့ပါတယ်။ ဒါဟာ ဒီအာကွန်ဂို အသင်းက ပေါ်တူဂီကို နောက်တန်းမှာ အစုလိုက် အပြုံလိုက် ပိတ်ဆို့ထားတဲ့အတွက်လည်း ပါဝင်ပါတယ်။

ဒါပေမယ့် ရူဘင် ဒီးရာ့စ် ကတော့ သတင်းထောက်တွေကို အခုလို ပြောကြားရင်း ဝေဖန်မှုတွေကို အရေးမစိုက်ကြောင်း ပြသသွားခဲ့ပါတယ်။ “ဒီဝေဖန်မှုတွေက ကျွန်တော်တို့ အတွက် ဘာမှ အရေးမပါပါဘူး။ ဒါတွေက ပြိုင်ပွဲ တစ်ခုရဲ့ အပြင်က ဆူညံသံတွေသက်သက်ပါ။ ပွဲတစ်ပွဲ အဆင်မပြေဖြစ်သွားတိုင်း ဒီလိုပဲ ကြုံရစမြဲမို့ ကျွန်တော်တို့ ကတော့ ဒါတွေကို နားပိတ်ထားလိုက်ပါတယ်။ ခရစ္စတီယာနို ဆိုရင် ကလပ် အသင်းမှာရော၊ လက်ရွေးစင် အသင်း မှာပါ ကမ္ဘာ့ဖလား၊ ဥရောပဖလား စတဲ့ ပြိုင်ပွဲကြီးတွေရဲ့ မီဒီယာဖိအားကို ဘယ်လိုရင်ဆိုင်ရမလဲ ဆိုတာ ကောင်းကောင်းကြီး အသားကျနေပြီးသားပါ။ ဒီလိုပြိုင်ပွဲမျိုးမှာ အစစအရာရာ ပြည့်စုံနေဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ တစ်ပွဲပြီး တစ်ပွဲ ကောင်းကောင်း ကစားနိုင်မှပဲ ချန်ပီယံ ဖြစ်နိုင်မှာပါ။” လို့ ဒီးရာ့စ်က ဆိုပါတယ်။
မှတ်တမ်းတွေအရတော့ ပေါ်တူဂီ အသင်းဟာ ဒီပွဲမှာ ဘောလုံးပေးပို့မှု အောင်မြင်တာ ၇၂၄ ကြိမ် အထိ ရှိခဲ့ပါတယ်။ ဗစ်တင်ညာ တစ်ယောက်တည်းတင် ၁၂၁ ကြိမ် အထိ ပေးပို့နိုင်ခဲ့တာမို့ သူတို့ရဲ့ ကမ္ဘာ့ဖလား သမိုင်းမှာ အများဆုံး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘာ့အဆင့် ၄၆ ရှိတဲ့ ဒီအာကွန်ဂို အသင်း ကတော့ ချန်ပီယံ ဖြစ်ဖို့ ရေပန်းစားနေတဲ့ အသင်း တစ်သင်း ဖြစ်တဲ့ ပေါ်တူဂီထက် ဂိုးကန်ချက် (၈ ကြိမ်) ပိုများခဲ့သလို၊ ဂိုးရနိုင်ခြေ မျှော်မှန်းချက် (xG) မှာလည်း ၀.၈၇ နဲ့ ပေါ်တူဂီရဲ့ ၀.၆၅ ထက် သာလွန်ခဲ့တာ တွေ့ရပါတယ်။
ပေါ်တူဂီ အသင်းဟာ လာမယ့်အင်္ဂါနေ့မှာ ဥဇဘက်ကစ္စတန် အသင်းနဲ့ ဆက်လက် ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အဲဒီပွဲမှာ ၃ မှတ် မရဘူး ဆိုရင်တော့ နောက်ဆုံးပွဲမှာ ကိုလံဘီယာနဲ့ ကစားရမှာမို့ အခြေအနေ တော်တော်လေး ရုန်းကန်ရတော့မှာပါ။ ဥဇဘက်ကစ္စတန် အသင်း ကစားကွက် ပိတ်ဆို့လာနိုင်တဲ့ အပေါ် ဒီးရာ့စ်က “ကျွန်တော် ကလပ် အသင်းမှာ ကစားတုန်းကလည်း နောက်တန်း ၅ ယောက်နဲ့ ပိတ်ကစားတဲ့ အသင်းတွေနဲ့ ခဏခဏ တိုးဖူးပါတယ်။ ဒါကြောင့် ဒါကို ဘယ်လိုရင်ဆိုင်ရမလဲ ဆိုတာ ကျွန်တော့်မှာ အကြံအစည် အပြည့် ရှိပါတယ်။ ကျွန်တော်တို့ အသင်းမှာ အရည်အချင်းရှိတဲ့ ကစားသမားတွေ အများကြီး ရှိတာမို့ ကိုယ့်နေရာကိုယ် ထိန်းပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ရင် မတူညီတဲ့ ရလဒ် တစ်ခုကို ဖန်တီးနိုင်မှာပါ။” လို့ ယုံကြည်မှု အပြည့်နဲ့ ပြောသွားခဲ့ပါတယ်။
လက်ရှိမှာတော့ Opta စူပါကွန်ပျူတာရဲ့ တွက်ချက်မှုအရ ပေါ်တူဂီ အသင်း ၃၂ သင်း အဆင့်ကို တက်ရောက်နိုင်ဖို့ အခွင့်အရေး ၉၁.၈% အထိ ရှိနေသေးပေမယ့် အုပ်စုပထမနဲ့ တက်လှမ်းနိုင်ဖို့ ကတော့ ၄၀.၉% ပဲ ရှိပါတော့တယ်။ အင်္ဂါနေ့မှာ ကစားမယ့် ဥဇဘက်ကစ္စတန်နဲ့ ပွဲကတော့ ရော်နယ်ဒိုနဲ့ ပေါ်တူဂီတို့ ဒီကမ္ဘာ့ဖလား အတွက် အမှားခံလို့ မရတဲ့ ပွဲတစ်ပွဲ ဖြစ်လာမှာ သေချာပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


