အီတလီ ကတော့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပလေးအော့ဖ် ဆီမီးဖိုင်နယ်မှာ မြောက်အိုင်ယာလန်ကို အနိုင်ယူပြီး ဗိုလ်လုပွဲ အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အီတလီဟာ လာမယ့် အင်္ဂါနေ့မှာ ကမ္ဘာ့ဖလား အိမ်မက် အတွက် ဘော့စနီးယားနဲ့ ရင်ဆိုင်ရဖို့ ရှိပြီး နည်းပြ ဂန်နာရို ဂတ်တူဆို ကတော့ အသင်းရဲ့ခြေစွမ်းကို ဒီထက် ပိုကောင်းလာဖို့ မျှော်လင့်နေပါတယ်။
ကြာသပတေးနေ့က New Balance Arena မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ အီတလီ လက်ရွေးစင် အသင်းက ဆန်ဒရို တိုနာလီ၊ မွိုက်စ် ကင်းန် တို့ရဲ့ သွင်းဂိုးတွေနဲ့ ၂-၀ နဲ့ အနိုင်ရရှိခဲ့တာပါ။ အီတလီရဲ့ ဗိုလ်လုပွဲ ပြိုင်ဘက် ကတော့ ဝေးလ်စ်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူခဲ့တဲ့ ဘော့စနီးယား ဖြစ်ပါတယ်။ ဇင်းနစ်ကာမြို့မှာ သွားရောက် ရင်ဆိုင်ရမယ့် အဲဒီ ပွဲစဉ်ဟာ အီတလီ အတွက် အဆုံးအဖြတ်ပွဲ ဖြစ်လာမှာပါ။
အီတလီ လက်ရွေးစင် အသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ သုံးကြိမ် ဆက်တိုက် ပလေးအော့ဖ် ကစားနေရတာ ဖြစ်ပါတယ်။ အီတလီက ၂၀၁၈ တုန်းက ဆွီဒင်ကို ရှုံးနိမ့်ခဲ့သလို၊ ၂၀၂၂ တုန်းကလည်း မြောက်မက်ဆီဒိုးနီးယားကို ရှုံးနိမ့်ပြီး ကမ္ဘာ့ဖလားနဲ့ လွဲချော်ခဲ့ရတဲ့ သမိုင်းဆိုးတွေ ရှိထားတာ ဖြစ်ပါတယ်။
မြောက်အိုင်ယာလန်နဲ့ ပွဲမှာလည်း အီတလီက ပထမပိုင်းမှာ ဂိုးပေါက်တည့်မှု ၂ ကြိမ်သာ ရှိခဲ့ပြီး ဒီအခြေအနေ အပေါ် ဂတ်တူဆိုက အခုလိုပဲ ပြောပါတယ်။ “ဒါဟာ တကယ့်ကို ရုန်းကန်ခဲ့ရတဲ့ အခြေအနေပါ။ လုံးဝ မလွယ်ကူခဲ့ပါဘူး။ သူတို့က ဒေါင်လိုက် ပေးပို့မှုတွေနဲ့ ကျွန်တော် တို့ကို အံ့အားသင့်အောင် လုပ်နိုင်ခဲ့တယ်။ ကျွန်တော်တို့ ဒီထက် ပိုကောင်းအောင် ကစားနိုင်ခဲ့သင့်ပါတယ်။” လို့ RAI Sport ကို ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး “ပထမပိုင်းမှာ ကျွန်တော်တို့ အရမ်း နှေးကွေးခဲ့ပြီး ကစားကွက် ဖော်ဆောင်မှုတွေ အားနည်းခဲ့တယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ ဘောလုံး စီးဆင်းမှု ပိုမြန်လာခဲ့လို့ အနိုင်ရခဲ့တာပါ။ အခုတော့ ကျွန်တော်တို့ ဗိုလ်လုပွဲ ကစားရတော့မယ်။ အဲဒီပွဲ ကလည်း ခက်ခဲဦးမှာ ဖြစ်လို့ အခုချိန်မှာ အားအင်တွေ ပြန်လည် ဖြည့်တင်းထားဖို့ လိုပါတယ်။” လို့ ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

ဒုတိယပိုင်းမှာ အီတလီက ခြေစွမ်း သိသိသာသာ တိုးတက်လာခဲ့လို့ ဂတ်တူဆို တယောက် သက်ပြင်းချနိုင်ခဲ့တာပါ။ ပွဲကစားချိန် ၅၆ မိနစ်မှာ တိုနာလီက အဝေး ကနေ ပြင်းထန်တဲ့ ကန်ချက်နဲ့ အဖွင့်ဂိုး သွင်းယူခဲ့ပြီး၊ ပွဲပြီးခါနီး ၁၀ မိနစ် အလိုမှာ တိုနာလီရဲ့ ဖန်တီးမှုက တဆင့် မွိုက်စ် ကင်းန်က ဒုတိယဂိုး သွင်းယူကာ အနိုင်ရလဒ်ကို အတည်ပြုနိုင်ခဲ့ပါတယ်။
ဖီအိုရင်တီးနား တိုက်စစ်မှူး မွိုက်စ် ကင်းန်ဟာ အီတလီ အတွက် နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲ ဆက်တိုက်မှာ ၇ ဂိုး အထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ဒါဟာ ၁၉၉၀ ပြည့်နှစ်က ဆာဗာတိုရေး ရှီလာချီ နောက်ပိုင်း အီတလီ အတွက် ၅ ပွဲဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာစေခဲ့တာပါ။ ကမ္ဘာ့ဖလား နှစ်ကြိမ်ဆက် လွဲချော်ထားတဲ့ အီတလီ အတွက် ဒီပွဲမှာ ဖိအားတွေ ရှိနေခဲ့ကြောင်း တိုနာလီ ကလည်း ဝန်ခံခဲ့ပါတယ်။
“နည်းပြသစ် ရောက်လာကတည်းက ကျွန်တော်တို့ ယုံကြည်မှုတွေ ရှိနေပါတယ်။ ကမ္ဘာ့ဖလား သွားဖို့ ကျွန်တော်တို့ အားလုံးနဲ့ ထိုက်တန်ပါတယ်။ အခုဂိုးဟာ ကျွန်တော့်ရဲ့ ကစားသမား ဘဝမှာ အရေးအကြီးဆုံး ဂိုးတွေထဲက တစ်ဂိုးပါပဲ။” လို့ တိုနာလီက ဆိုပါတယ်။
မြောက်အိုင်ယာလန် အတွက်တော့ ၁၉၈၆ နောက်ပိုင်း ကမ္ဘာ့ဖလားကို ပထမဆုံး အကြိမ် ကစားခွင့်ရဖို့ မျှော်လင့်ချက် ပျက်ပြယ်သွားခဲ့ရပါတယ်။ ဒါပေမယ့် သူတို့ဟာ အီတလီကို အကောင်းဆုံး ယှဉ်ပြိုင်သွားခဲ့တာပါ။ မြောက်အိုင်ယာလန် ကွင်းလယ်လူ အီသန် ဂဲလ်ဘရိတ်က “ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားခဲ့လို့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူပါတယ်။ ကမ္ဘာ့အဆင့်မီ ကစားသမားတွေနဲ့ ရင်ဆိုင်ရချိန်မှာ သူတို့ရဲ့ တစ်ဦးချင်း စွမ်းရည်တွေက ပွဲကို အဆုံးအဖြတ် ပေးသွားတာပါ။ ကျွန်တော်တို့ အသင်းမှာ လူငယ်တွေ အများကြီး ရှိတာကြောင့် အနာဂတ် ကတော့ တောက်ပနေဆဲပါ။” လို့ ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


