ရူဘင မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြဟောင်း ရူဘင် အမော်ရင်က အိုးထရက်ဖို့ဒ်မှာ အမှားအယွင်းတွေ အများကြီး ပြုလုပ်ခဲ့မိတယ်လို့ ဝန်ခံလိုက်ပြီး အဲဒီ အတွေ့အကြုံတွေ ကနေ သင်ခန်းစာ အများကြီး ရရှိခဲ့တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ အခုဆိုရင်တော့ ပေါ်တူဂီ လူမျိုး နည်းပြက စီးရီးအေ ကလပ် အေစီမီလန်ကို စတင် ကိုင်တွယ်နေပြီလည်း ဖြစ်ပါတယ်။
အမော်ရင်ဟာ စပို့တင်းလစ္စဘွန်း အသင်းကို ၄ နှစ်တာ အတွင်း ပေါ်တူဂီ ပရီးမီးယားလီဂါ ဖလား နှစ်ကြိမ်တိုင်တိုင် ဆွတ်ခူးပေးနိုင်ခဲ့တာကြောင့် ဥရောပရဲ့ အတောက်ပဆုံး လူငယ် နည်းပြတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသူပါ။ ဒါကြောင့်လည်း မန်ယူနိုက်တက် အသင်းက စပို့တင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို လျှော်ကြေး ပေါင် ၁၁ သန်း အထိ ပေးချေပြီး ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ၁၄ လ အကြာ မှာတော့ မန်ယူနိုက်တက်ဟာ ပေါ်တူဂီ နည်းပြနဲ့ သူရဲ့ အဖွဲ့သားတွေကို လျှော်ကြေး ပေါင် ၁၅.၉ သန်း ထပ်မံ ပေးချေကာ ရာထူး ကနေ ထုတ်ပယ်ခဲ့ရပါတယ်။ သူ့ရဲ့ ယူနိုက်တက် နည်းပြ သက်တမ်းဟာ လုံးဝ မအောင်မြင်ခဲ့သလို အမော်ရင်ရဲ့ နေရာမှာ အစားထိုး ဝင်ရောက်လာတဲ့ မိုင်ကယ် ကာရစ်ခ်ရဲ့ ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်တွေကြောင့်လည်း အမော်ရင်ရဲ့ မန်ယူနိုက်တက် ကာလ ပုံရိပ်ဟာ ပိုမို ထိခိုက်ခဲ့ရပါတယ်။
သူ ကျင့်သုံးခဲ့တဲ့ နည်းဗျူဟာ ပုံစံဟာ ထိပ်တန်း အဆင့်မှာ အောင်မြင်မှုရဖို့ မလွယ်ကူခဲ့ပါဘူး။ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုက ချဲလ်ဆီးနဲ့ အန်တိုနီယို ကွန်တီ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့ပြီးကတည်းက ၃ ယောက်တန်း ခံစစ် စနစ်နဲ့ အောင်မြင်ခဲ့တဲ့ နည်းပြ ဆိုတာ ခပ်ရှားရှားပါပဲ။ အမော်ရင်ရဲ့ မန်ယူနိုက်တက်ဟာ ပွဲတွေကို ထိန်းချုပ်နိုင်စွမ်း မရှိဘဲ ပရီးမီးယားလိဂ်ရဲ့ မရေရာ မသေချာမှုတွေကြား အလွယ်တကူ အလဲထိုး ခံခဲ့ရပါတယ်။
အသင်း အကြီးအကဲတွေနဲ့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ထုတ်ပယ်ခံခဲ့ရပေမယ့် လက်ရှိ မှာတော့ အေစီမီလန် အသင်းရဲ့ နည်းပြ အဖြစ် မက်ဆီမီလီယာနို အယ်လီဂရီရဲ့ နေရာမှာ အစားထိုး တာဝန်ယူထားပြီး ဖြစ်ပါတယ်။
အမော်ရင်ရဲ့ မန်ယူနိုက်တက် နည်းပြ သက်တမ်းဟာ တကယ့်ကို အဆိုးရွားဆုံး ဖြစ်ခဲ့ပါတယ်။ အသင်း သမိုင်းကြောင်းမှာ ပရီးမီးယားလိဂ် အနိုင်ရရှိမှု ရာခိုင်နှုန်း နည်းပါးမှု (၃၂%)၊ တစ်ပွဲပျှမ်းမျှ ဂိုးပေးရမှု ရာခိုင်နှုန်း မြင့်မားမှု (၁.၅၃ ဂိုး) နဲ့ ဂိုးမပေးရဘဲ ပွဲပြီးဆုံးမှု ရာခိုင်နှုန်း နည်းပါးမှု (၁၅%) စတဲ့ အဆိုးရွားဆုံး စံချိန်တွေကို ပိုင်ဆိုင်ခဲ့တာပါ။

ဒါပေမယ့် အေစီမီလန်လို အသင်းကြီး တစ်သင်း ကတော့ သူတို့ကို စီးရီးအေရဲ့ ထိပ်တန်း အဆင့်ဆီ ပြန်လည် ပို့ဆောင်ပေးနိုင်မယ်လို့ ယုံကြည်ပြီး အမော်ရင်ကို ခေါ်ယူခဲ့ပါတယ်။ ၂၀၂၁-၂၂ ဘောလုံးရာသီ စီးရီးအေ ချန်ပီယံ မီလန်ဟာ နောက်ဆုံး နှစ်ရာသီ ဆက်တိုက် အဆင့် (၈) နဲ့ အဆင့် (၅) နေရာတွေမှာပဲ ရာသီသိမ်းခဲ့ရပါတယ်။ ဒါကြောင့် စီးရီးအေ ထိပ်သီး တို့ဟာ မေလမှာ နည်းပြ အယ်လီဂရီကို နှုတ်ဆက်ခဲ့တာပါ။
ဇွန်လ ၁၅ ရက်နေ့မှာ အေစီမီလန် နည်းပြအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရတဲ့ အမော်ရင်ဟာ မီလန်ရဲ့ ရာသီကြို ဩစတြေးလျ ခရီးစဉ် အတွင်း ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မန်ယူနိုက်တက် နည်းပြ ဘဝ အကြောင်း မီဒီယာတွေကို အခုလို ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။ “ပထမဆုံး တစ်ချက် ကတော့ ဒါတွေဟာ လွန်ခဲ့ပြီးသား အရာတွေ ဖြစ်သွားပါပြီ” လို့ အမော်ရင်က ပြောပါတယ်။ “ဒါက ကျွန်တော် ခံစားရတဲ့ အမှန်တရားပါ။ သမိုင်းဆိုတာ ရှိခဲ့တယ်၊ အပြောင်းအလဲတွေ ဖြစ်ပျက်ခဲ့တယ်၊ အခြေအနေတွေ ပြောင်းလဲသွားခဲ့ပြီ ဖြစ်လို့ အခုဆိုရင် နောက်ထပ် စိန်ခေါ်မှု အပေါ်ပဲ အာရုံစိုက်ရတော့မှာပါ”
မလှပခဲ့တဲ့ ရလဒ်တွေနဲ့ ကစားကွက် ပုံစံ မရှိခဲ့တာဟာ အခုနှစ် အစောပိုင်းမှာ အမော်ရင်ကို လမ်းခွဲဖို့ ယူနိုက်တက် ဘက်က ဆုံးဖြတ်ခဲ့ရတဲ့ အဓိက အကြောင်းအရင်း ဖြစ်ခဲ့ပေမယ့် ဘောလုံး ဒါရိုက်တာ ဂျေဆန် ဝေးကော့ခ်စ် အပါအဝင် အသင်း အထက်ပိုင်း ပုဂ္ဂိုလ်တွေနဲ့ ဆက်ဆံရေး အဆင်မပြေ ဖြစ်ခဲ့တာ ကလည်း အဓိက ကျခဲ့ပါတယ်။
သူဟာ လိဒ်စ်ယူနိုက်တက်နဲ့ ၁-၁ သရေကျခဲ့တဲ့ ပွဲအပြီးမှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် အသင်း တာဝန်ရှိသူတွေကို လူသိရှင်ကြား အပြင်းအထန် ပြစ်တင် ဝေဖန်ခဲ့ပါသေးတယ်။ ဆက်လက်ပြီးတော့လည်း အမော်ရင်က “ကျွန်တော် သင်ခန်းစာတွေ အများကြီး ရခဲ့ပါတယ်။ အရာ တစ်ခုတည်းကို သီးသန့် ထောက်ပြဖို့ ခက်ပေမယ့် ကျွန်တော် အရှင်းလွန်ဆုံး သိလိုက်ရတာ ကတော့ အမှားတွေ အများကြီး ပြုလုပ်ခဲ့မိတယ် ဆိုတာပါပဲ။ ဒီလို ပြန်လည် သုံးသပ်ကြည့်တဲ့ အခါ ဒါဟာ သူတို့ တစ်ယောက်တည်းရဲ့ အမှားမဟုတ်ဘဲ ငါ့ရဲ့ အမှားလည်း ပါတာပဲ ဆိုတာ နားလည်လာရင် သင်ဟာ ပိုကောင်းတဲ့ နည်းပြ တစ်ယောက်၊ ပိုကောင်းတဲ့ လူတစ်ယောက် ဖြစ်လာနိုင်မယ်လို့ သုံးသပ်မိပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


