ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါးရဲ့ နည်းပြသစ် ဖြစ်လာနိုင်တယ် ဆိုတဲ့ ကောလာဟလတွေ အပေါ် ရှောင် ဒိုက်ချ်က ရယ်မော ငြင်းဆိုလိုက်ပါတယ်။ လက်ရှိမှာ စပါး နည်းပြ အီဂေါ တူဒါရဲ့ အနာဂတ် မရေရာ မသေချာဖြစ်နေချိန်မှာ ရှောင် ဒိုက်ချ် တယောက် စပါး နည်းပြချုပ် ဖြစ်လာနိုင်တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာပါ။ ဒါပေမယ့်လည်း အခုတော့ သူက တူဒါရဲ့ နေရာကို ဆက်ခံဖို့ အစီအစဉ်မရှိ ကြောင်း အခိုင်အမာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ရှောင် ဒိုက်ချ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အစောပိုင်းက အောက်ဆုံး အဆင့်က ဝုဗ်နဲ့ ဂိုးမရှိ သရေကျပြီးနောက် နော့တင်ဟမ်ဖောရက်စ် ကနေ ထုတ်ပယ်ခံခဲ့ရသူပါ။ ဒါပေမယ့် နည်းပြသစ် ဗစ်တာ ပါရဲရား လက်ထက် မှာတော့ ဖောရက်စ်က မန်စီးတီး၊ ဖူလ်ဟမ် တို့နဲ့ သရေကျခဲ့သလို၊ ပြီးခဲ့တဲ့ ပွဲမှာ စပါးကို ၃-၀ နဲ့ အနိုင်ရခဲ့တာကြောင့် အဆင့် ၁၆ နေရာ အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။
တစ်ဖက် မှာတော့ စပါးဟာ နည်းပြ အီဂေါ တူဒါ လက်ထက် ပရီးမီးယားလိဂ် ၅ ပွဲမှာ ၄ ပွဲ ရှုံး၊ ၁ ပွဲ သရေ ရလဒ်နဲ့ အတူ တန်းဆင်းဇုန်နဲ့ ၁ မှတ်သာ ကွာဟပါတော့တယ်။ စပါးဟာ နောက်ဆုံး ကစားခဲ့တဲ့ လိဂ်ပွဲ ၁၃ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေပြီး (၅ ပွဲ သရေ၊ ၈ ပွဲ ရှုံး)၊ ဒါဟာ အသင်း သမိုင်းတစ်လျှောက် ဒုတိယမြောက် အရှည်ကြာဆုံး နိုင်ပွဲ ပျောက်ဆုံးမှု မှတ်တမ်း ဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ အပတ်က နည်းပြ တူဒါရဲ့ ဖခင်ဖြစ်သူ မာရီယို ကွယ်လွန်သွားခဲ့ပြီးနောက်မှာ သူရဲ့ အနာဂတ်က ပိုပြီး မသေမချာ ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်လည်း ရာသီကုန် အထိ စပါးကို တာဝန်ယူဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ နည်းပြ စာရင်းမှာ ရှောင်ဒိုက်ချ်က ထိပ်ဆုံးက ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် စပါးနဲ့ ပတ်သက်တဲ့ ကောလာဟလတွေ အပေါ် talkSPORT က မေးမြန်းရာ မှာတော့ ဒိုက်ချ်က အခုလို ရယ်မောရင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။

“အဲဒါကတော့ တကယ်ကို အံ့သြစရာပါပဲဗျာ။ ကျွန်တော် ပတ်ဘ် (အရက်ဆိုင်) ထဲမှာ ရှိနေတုန်း လူတစ်ယောက်က ‘ခင်ဗျား ဒီည စပါးနဲ့ စကားပြောဖို့ ရှိတယ်ဆို’ ဆိုပြီး လာမေးတယ်။ ကျွန်တော် ကလည်း ‘ခင်ဗျားဘေးမှာ ထိုင်ပြီး ဂင်းနစ် ဘီယာ တစ်ခွက် သောက်နေတာလေ။ ခင်ဗျားသာ စပါးမှာ အလုပ်လုပ်နေတာ မဟုတ်ရင်တော့ အဲဒီသတင်းက မဖြစ်နိုင်ပါဘူး’ လို့ ပြန်ပြောလိုက်တယ်။” လို့ ဒိုက်ချ်က ဆိုပါတယ်။
ဆက်လက်ပြီး သူက နည်းပြလောကရဲ့ သဘာဝ ကိုလည်း အခုလိုပဲ ရှင်းပြခဲ့ပါတယ်။ “တကယ်တမ်း ပြောရရင် ခင်ဗျားက နည်းပြ တစ်ယောက် ဖြစ်ပြီး ကိုယ့်အလုပ်ကိုယ် ကောင်းကောင်း လုပ်နေရင် တစ်ချိန်ချိန်မှာ ဒီလို အမေးခံရမှာပဲ။ ကျွန်တော် ကတော့ အမြဲတမ်း လေးလေးစားစားပဲ တုံ့ပြန်လေ့ ရှိပါတယ်။ စပါးကို ဥပမာပေးရရင် သူတို့က တကယ့်ကို ကြီးကျယ် ခမ်းနားတဲ့ ကလပ် အသင်းပါ။ ကျွန်တော့်ရဲ့ ပထမဆုံး အမှတ်တရတွေထဲမှာ ရစ်ကီ ဗီလာ သွင်းခဲ့တဲ့ ဂိုးတောင် ပါပါသေးတယ်။ ဒါကြောင့် အခုလို သတင်းတွေ ထွက်လာတာက ဂုဏ်ယူစရာပါပဲ။”
“ဒါပေမယ့် ဆိုရှယ်မီဒီယာတွေ အပေါ်မှာ ကျတော့ ‘သူ မငြင်းဘူး’ လို့ ရေးကြမယ်။ အဲဒါနဲ့ ကျွန်တော်က ‘မဟုတ်ပါဘူး’ လို့ ငြင်းလိုက်ရင်လည်း ‘တကယ်တော့ သူက လိုချင်နေတာ’ လို့ ပြောကြပြန်ရော။ အကယ်၍ ‘ဟုတ်တယ်’ လို့ ပြောလိုက်ရင်လည်း ‘ကြည့်စမ်း၊ သူ လိုချင်နေတာ ငါသိသားပဲ’ လို့ ပြောကြဦးမှာ။ ဆိုတော့ ကျွန်တော် ဘာပြောနိုင်မှာလဲဗျာ။” လို့ ရှောင်ဒိုက်ချ်က ပြောကြားခဲ့ပါတယ်။
စပါးဟာ လာမယ့် ဧပြီလ ၁၂ ရက်နေ့အထိ ပွဲစဉ် ကစားဖို့ မရှိသေးပဲ အဲဒီနေ့ကျမှသာ ဆန်းဒါးလန်းနဲ့ အလင်းရောင်ကွင်းမှာ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


