ခရစ္စတယ်ပဲလေ့စ် နည်းပြ အိုလီဗာ ဂလက်စ်နာ ကတော့ မာ့ခ် ဂူဟီရဲ့ အပြောင်းအရွှေ့ကြောင့် ‘နှလုံးသားကွဲကြေခဲ့ရတယ်’ လို့ ဖွင့်ဟလာခဲ့ပါတယ်။ ပဲလေ့စ်ဟာ သူတို့ရဲ့ အဓိက နောက်ခံလူကို ဒီဆောင်းရာသီမှာ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီးထံ ပေါင် သန်း ၂၀ နဲ့ ရောင်းထုတ်ထားခဲ့ပါတယ်။
ခရစ္စတယ်ပဲလေ့စ်ဟာ ရာသီအကုန်မှာ မာ့ခ် ဂူဟီကို အလွတ်နဲ့ ထွက်ခွာခွင့်ပေးရမယ့် အစား အကျိုးအမြတ် ရရှိဖို့ အတွက် ဒီဆောင်းရာသီမှာပဲ ပြောင်းရွှေ့ကြေး တရပ်နဲ့ မန်စီးတီးထံ လက်လွှတ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆန်းဒါးလန်းကို ၂-၁နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် မတိုင်ခင် တစ်ရက်အလိုမှာ ပဲလေ့စ်က ဂူဟီကို ရောင်းထုတ်လိုက်တာ ဖြစ်ပြီး ဒီအခြေအနေ အပေါ် နည်းပြ အိုလီဗာ ဂလက်စ်နာက သဘောမကျ ဖြစ်နေတာပါ။ ဒါ့အပြင် သူ့ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက အဓိက ကွင်းလယ်လူ တစ်ဦး ဖြစ်တဲ့ အီဘာရီချီ အက်ဇေးကို အာဆင်နယ်ထံ ပေါင် ၆၇.၅ သန်းနဲ့ ရောင်းထုတ်ခဲ့ပါသေးတယ်။
အက်ဇေးနဲ့ ဂူဟီတို့ နှစ်ဦးစလုံးဟာ ပဲလေ့စ် အတွက် သမိုင်းဝင် အောင်မြင်မှုတွေ ဖြစ်တဲ့ အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်း တို့ကို ရယူပေးခဲ့သူတွေ ဖြစ်ပါတယ်။ ဒီလို ကစားသမားတွေကို လက်လွှတ်လိုက်ရခြင်းနဲ့ ပတ်သတ်လို့ ဂလက်စ်နာက အခုလိုပဲ ပြောဆိုလာခဲ့ပါတယ်။
BBC Match of the Day အစီအစဉ်မှာ ဂလက်စ်နာက “ကျွန်တော်တို့ လုံးဝ စွန့်ပစ်ခံရသလို ခံစားရပါတယ်။ [ဆန်းဒါးလန်းနဲ့ ပွဲမှာ ရှုံးနိမ့်မှုအတွက်] ဘယ်ကစားသမား ကိုမှ အပြစ်မတင်နိုင်ပါဘူး။ သူတို့ တတ်နိုင်သမျှ အကုန်လုပ်ခဲ့ပြီး ဒါက ရက်သတ္တပတ်တွေ၊ လတွေနဲ့ ချီပြီး ဖြစ်ပျက်နေခဲ့တာပါ။ ကျွန်တော် တို့မှာ ကစားသမား ၁၂ ယောက်၊ ၁၃ ယောက် ရှိပြီး ပံ့ပိုးမှုတော့ မရပါဘူး။ အဆိုးဆုံး ကတော့ ပရီးမီးယားလိဂ် ပွဲမကစားခင် တစ်ရက် အလိုမှာ ကျွန်တော် တို့ရဲ့ အသင်းခေါင်းဆောင်ကို ရောင်းချတာပါပဲ။”

“ကျွန်တော်တို့ တစ်ပတ်လုံး ပြင်ဆင်နေပါတယ်။ စက်တင်ဘာလ ကတည်းက [အပြည့်အဝ] လေ့ကျင့်နေတာပါ၊ ပြီးတော့ ပွဲမကစားခင် တစ်ရက် အလိုမှာ ကျွန်တော် တို့ရဲ့ အသင်းခေါင်းဆောင်ကို ရောင်းချလိုက်ပါတယ်။ ဒါကို ကျွန်တော် နားမလည်ပါဘူး။ ဒီရာသီမှာ ၃၅ ပွဲလောက်ကို ရှိတဲ့ ကစားသမားတွေနဲ့ ကစားခဲ့ရပြီး ဒါကို ကာကွယ် ရမှာ ဖြစ်လို့ ကျွန်တော့် ပါးစပ်ကို ပိတ်ထားလို့ မရတော့ဘူး။”လို့ ပြောကြားခဲ့ပါတယ်။
ဂလက်စ်နာက ဂူဟီကို ရောင်းချပြီးနောက် ကစားသမား ခေါ်ယူဖို့ အတွက် တက်ကြွစွာ လုပ်ဆောင်ခြင်း မရှိတဲ့ အပေါ် စိတ်ပျက်ရကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဂလက်စ်နာက သူ့ အနေနဲ့ ဒီရာသီမှာ နှစ်ကြိမ်တိုင်တိုင် ရင်ကွဲခဲ့ရပြီး အက်ဇေးနဲ့ ဂူဟီရဲ့ ထွက်ခွာခဲ့မှုကို ရည်ညွှန်းခဲ့တာ ဖြစ်ပါတယ်။
ဩစတြီးယား လူမျိုး နည်းပြကြီး ကတော့ လာမယ့် နွေရာသီမှသာ ပဲလေ့စ် ကနေ ထွက်ခွာမှာ ဖြစ်ကြောင်း ကြေညာထားခဲ့ပြီး ဒါကလည်း သူ့ရဲ့ အသင်း အပေါ် အလွန်လေးစားသလို ရာသီကုန် အထိ ပေးဆပ်ချင်တာကြောင့် ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာ ပဲလေ့စ်က ရလဒ်တွေ ဆိုးရွားနေတာကြောင့် အသင်း ဘက်က သူ့ကို ရာသီကုန်အထိ ဆက်ထိန်းထားပါ့မလား ဆိုတာ ကတော့ သံသယ ဖြစ်စရာ ရှိနေခဲ့ပါတယ်။
ပဲလေ့စ်ဟာ လက်ရှိမှာ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၁၀ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေခဲ့ပါတယ်။ ပဲလေ့စ်ဟာ ပရီးမီးယားလိဂ်မှာ ၇ ပွဲဆက် နိုင်ပွဲ ပျောက်နေပြီး အဆင့် ၁၃ နေရာ အထိ ရောက်နေသလို ခရာဘောင်ဖလား၊ အက်ဖ်အေဖလား တို့ကနေလည်း ထွက်ခွာထားရပါတယ်။ ယူရိုပါကွန့်ဖရင့်လိဂ် မှာတော့ ပဲလေ့စ်က လိဂ်အဆင့် ၁၀ နေရာမှာ ရှိနေပြီး နောက်တစ်ဆင့်ကို တိုက်ရိုက် တက်ရောက်ခွင့် အတွက် ရုန်းကန်ရဦးမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


