ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အသင်းကို ရောက်ရှိလာကတည်းက ယူနိုက်တက်ရဲ့ မျှော်မှန်းချက်တွေကို ပုံဖော်ပေးနေတဲ့ မိုက်ကယ် ကာရစ်ခ်က အသင်းရဲ့ လက်ရှိ ခြေစွမ်းကောင်းတွေကို ဆက်လက် ထိန်းသိမ်းသွားနိုင်ဖို့ အတွက် ကစားသမား ခေါ်ယူရေး အဖွဲ့အနေနဲ့ မဖြစ်မနေ လုပ်ဆောင်ရမည့် အလုပ်တွေ ရှိနေသေးတယ်လို့ သတိပေးလိုက်ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ အဆင့် ၃ နေရာ ရခဲ့ပြီး ချန်ပီယံလိဂ် ကစားခွင့် ပြန်လည် ရရှိထားတာ ဖြစ်ပါတယ်။
ကာရစ်ခ် အနေနဲ့ ယူနိုက်တက်ကို ယာယီ နည်းပြ အဖြစ် အံ့အားသင့်ဖွယ် ကိုင်တွယ်ပေးခဲ့ပြီးနောက် ရာသီမကုန်ခင် ကတည်း အဆင့် ၃ နေရာ သေချာစေကာ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် မကြာသေးခင် ကပဲ အမြဲတမ်း နည်းပြ အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။
လက်ရှိမှာ အသင်းကို အစအဆုံး ကိုင်တွယ်ရမယ့် သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ရာသီ အတွက် ပြင်ဆင်နေပါတယ်။ ဒါကြောင့် ဒီနွေရာသီမှာ အိုးထရက်ဖို့ဒ်ကွင်းဆီသို့ ကစားသမားသစ် တချို့ ရောက်ရှိလာလိမ့်မည်ဟု မျှော်လင့်ကြောင်း ကာရစ်ခ်က ရှင်းရှင်းလင်းလင်း ပြောကြားထားပါတယ်။
“ကျွန်တော် တွေးမိတာ ကတော့ လာမယ့် အပြောင်းအရွှေ့ ဈေးကွက်ရဲ့ ထူးခြားချက်က လူတိုင်း အတွက်၊ ကလပ် အသင်းတိုင်း အတွက် အမြဲတမ်း ကမ္ဘာ့အကြီးမားဆုံးနဲ့ သမိုင်းတလျှောက် အရေးအကြီးဆုံး အပြောင်းအလဲ ဈေးကွက် ဖြစ်နေတတ်တာပါပဲ။ ဒါက ဘောလုံးလောကရဲ့ သဘာဝလို ဖြစ်နေပါပြီ။ ဘောလုံး ကလပ် တစ်ခု အနေနဲ့ ကတော့ အမြဲတမ်း ရှေ့ဆက် တိုးတက်နေဖို့ပဲ လိုလားကြတာ ဖြစ်ပြီး ကျွန်တော်တို့လည်း အဲဒီလိုပဲ လိုလားပါတယ်။”
“ကျွန်တော်တို့ လက်ရှိရောက်နေတဲ့ အဆင့်အတန်း၊ အသင်းရဲ့ ဦးတည်ချက်၊ ရွေ့လျားမှုတွေနဲ့ လိဂ်မှာ ကျွန်တော်တို့ အဆုံးသတ်နိုင်ခဲ့တဲ့ ရလဒ်တွေကို ကြည့်ရင်တော့ ပြင်ဆင်စရာ အလုပ်တွေ အများကြီး ရှိနေသေးတယ် ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ကစားသမား တချို့ အသင်း ကနေ ထွက်ခွာသွားဖို့ ရှိနေတာကြောင့် အလုပ်တွေ လုပ်ဖို့လိုနေတာကတော့ အထင်အရှားပါပဲ။ ဒါပေမယ့် ဒီအပြောင်းအရွှေ့က ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေထက် ပိုအရေးကြီးနေတာမျိုး မဟုတ်ပါဘူး။ ကလပ် အသင်းရဲ့ အနာဂတ်အတွက် အကောင်းဆုံး ဖြစ်လာအောင် ဘယ်လို ဖန်တီးမလဲ ဆိုတာကသာ အဓိကပါပဲ” လို့ ကာရစ်ခ်က ရှင်းပြခဲ့ပါတယ်။
ဒီနွေရာသီမှာ ပရီးမီးယားလိဂ် ကလပ်က အဓိက အလိုအပ်ဆုံး နေရာက ကွင်းလယ် ဖြစ်ပါတယ်။ ကက်စ်မဲရိုးက ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးကာ အသင်း ကနေ ထွက်ခွာတော့မှာ ဖြစ်ပြီး၊ ကာရစ်ခ် အမြဲတမ်းနည်းပြ ဖြစ်လာခြင်းကလည်း ကွင်းလယ်လူ မန်နျူရယ် အူဂါတေး အတွက် အိုးထရက်ဖို့ဒ်မှာ အနာဂတ်မဲ့သွားတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။

အကယ်၍ ကစားသမား နှစ်ဦးစလုံး ထွက်ခွာသွားရင်တော့ အသင်းမှာ ဗဟိုကွင်းလယ်လူ အဖြစ် အကယ်ဒမီထွက် လူငယ်လေး ကိုဘီ မိန်းနူး တစ်ဦးတည်းသာ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလူငယ် ကစားသမားလေးနဲ့ တွဲဖက်ကစားမယ့် သူကို ရှာဖွေဖို့က အသင်းရဲ့ အဓိက ဦးစားပေး ဖြစ်လာပြီး၊ မိန်းနူးရဲ့ နေရာစုံ ကစားနိုင်တဲ့ အရည်အချင်းကြောင့် ကစားသမားသစ် ရှာဖွေရတဲ့ အလုပ်က အတတ်နိုင်ဆုံး လွယ်ကူသွားစေကြောင်း ကာရစ်ခ်က အခိုင်အမာ ပြောကြားခဲ့ပါတယ်။
မိန်းနူးနဲ့ ပတ်သက်လို့တော့ ကာရစ်ခ်က အခုလို မှတ်ချက်ပေးခဲ့ပါတယ်။ “ဘောလုံး ကလပ် တစ်ခုမှာ အမြဲတမ်း မျှတမှုရှိဖို့ လိုပါတယ်။ ခင်ဗျားတို့ ကစားသမားတစ်ယောက်ကို ခေါ်ယူတဲ့အခါ ကစားသမား တစ်ဦးတည်းနဲ့ တွဲကစားဖို့ အတွက်ပဲ သီးသန့် ခေါ်ယူတာမျိုး မဟုတ်ပါဘူး။ ဒါဟာ အသင်းရဲ့ လူစာရင်းစုဖွဲ့မှု၊ အသင်းရဲ့ မျှတမှုနဲ့ ပြိုင်ပွဲစုံ အရေအတွက် အများကြီးကို ရင်ဆိုင်ကစားနိုင်ဖို့ အတွက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်က ခြုံငုံပြီး ယေဘုယျ သဘော ပြောနေတာပါ။”
“ကိုဘီ (မိန်းနူး) ရဲ့ အလှပဆုံး အချက် ကတော့ သူဟာ အရာအများကြီးကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်တာပါပဲ။ သူ ဒါကို သက်သေပြခဲ့ပြီး ဖြစ်သလို၊ ကျွန်တော် ရောက်လာတဲ့ ၄ လ၊ ၅ လ အတွင်းမှာတင် သူ ဘယ်လောက်အထိ တိုးတက်လာလဲဆိုတာ တွေ့မြင်ခဲ့ရပါတယ်။ ဒါဟာ သူ့ရဲ့ ကြိုးစားမှုကြောင့်ပဲ ဖြစ်ပါတယ်။”
“ဒီအတွက် ဂုဏ်ပုဒ်ကို ကျွန်တော် မယူပါဘူး။ သူကိုယ်တိုင် လုပ်ဆောင်ခဲ့တာပါ။ ဒါပေမယ့် သူဟာ အရာအများကြီးကို လုပ်ဆောင်နိုင်တယ် ဆိုတာ ပြသခဲ့ပြီး ဖြစ်လို့၊ သူ့လို ကစားသမားမျိုးနဲ့ တွဲဖက်ကစားဖို့ ကစားသမားသစ်တွေ ခေါ်ယူတဲ့အခါမှာ ပိုပြီး လွယ်ကူသွားစေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူကိုယ်တိုင်က အသင်းနဲ့အညီ လိုက်လျောညီထွေ ကစားနိုင်စွမ်းရှိပြီး အချိန်နဲ့အမျှ ပိုမိုရင့်ကျက်လာတာကြောင့် ဖြစ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


