ပြီးခဲ့တဲ့ တနင်္လာနေ့က အဲဗာတန်ကို အနိုင်ရရှိခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အဆင့် ၃ နေရာမှာ ရှိတဲ့ အက်စတွန်ဗီလာကို ၃ မှတ် အကွာနဲ့ ဖိအားပေးလိုက်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် မန်ချက်စတာယူနိုက်တက်ရဲ့ လက်ရှိ ခြေစွမ်းနဲ့ ပတ်သတ်ပြီး နာမည်ကျော် ဘောလုံး ဝေဖန်ရေးသမားတွေ ဖြစ်တဲ့ ဂျေမီ ကာရေဂါနဲ့ ဂယ်ရီ နဗီးလ် တို့က သုံးသပ် ပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။
လစ်ဗာပူးလ် ဂန္တဝင် (လက်ရှိ ဝေဖန်ရေးသမား) ဂျေမီ ကာရေဂါက ယူနိုက်တက်ဟာ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ‘သေချာသလောက်ရှိနေပြီ’ လို့ ယုံကြည်နေသလို၊ သရဲနီ နောက်ခံလူဟောင်း ဂယ်ရီ နဗီးလ် ကလည်း ယူနိုက်တက်ဟာ အဆင့် ၃ နေရာနဲ့ ရာသီသိမ်းနိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်တာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဟေးလ် ဒစ်ကင်ဆန်ကွင်းမှာ အဲဗာတန်ကို ၁-၀ နဲ့ အနိုင်ရခဲ့ပြီးနောက် အဆင့် ၄ နေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့သလို အဆင့် ၃ နေရာက အက်စတွန်ဗီလာနဲ့လည်း ၃ မှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ ယူနိုက်တက် အတွက် တစ်လုံးတည်းသော အဖိုးတန် အနိုင်ဂိုးကို ဘင်ဂျာမင် ဆက်စ်ကိုက သွင်းယူပေးခဲ့တာ ဖြစ်ပြီး သူဟာ ရာသီအစ ပထမ ၁၇ ပွဲမှာ ၂ ဂိုးသာ သွင်းနိုင်ခဲ့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ၇ ပွဲ မှာတော့ ၆ ဂိုး အထိ သွင်းယူကာ ခြေစွမ်းပြနေပါတယ်။
ယာယီ နည်းပြ မိုက်ကယ် ကာရစ်ခ်ဟာ ယူနိုက်တက်ကို တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့ သက်တမ်း တစ်လျှောက် ၉ ပွဲ (၇ ပွဲနိုင်၊ ၂ ပွဲသရေ) စလုံး ရှုံးပွဲ မရှိသေးပါဘူး။ ယူနိုက်တက် အသင်း သမိုင်းမှာ ရှုံးပွဲ မရှိဘဲ အဖွင့်ပွဲ အရေအတွက် အများဆုံး ကိုင်တွယ်နိုင်တဲ့ နည်းပြ စာရင်းမှာ အိုလီဂန်နာ ဆိုးလ်ရှား (၁၁ ပွဲ) နဲ့ ဟားဘတ် ဘမ်းလက် (၁၀ ပွဲ) ပြီးရင် ကာရစ်ခ်က တတိယမြောက် ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်က ပွဲကြပ်ကာလ (Boxing Day) နောက်ပိုင်း ဥရောပ ထိပ်သီးလိဂ် ၅ ခုမှာ အင်တာမီလန်၊ ဒေါ့မန် တို့နဲ့ အတူ ရှုံးပွဲ မရှိသေးပဲ အားအကောင်းဆုံး ၃ သင်းထဲမှာ ပါဝင်နေပါတယ်။

ဒါကြောင့် ဂျေမီ ကာရေဂါက Sky Sports နဲ့ အင်တာဗျူးမှာ “မန်ချက်စတာယူနိုက်တက်က ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ သေချာသလောက် ဖြစ်နေပါပြီ။ အက်စတွန်ဗီလာက အခုချိန်မှာ အမှတ်တွေ လျော့လာနိုင်သလို ကြာသပတေးနေ့တိုင်း ဥရောပ ပွဲစဉ်တွေ ကစားနေရတာက သူတို့ အတွက် ဝန်ထုပ်ဝန်ပိုးပါ။ လစ်ဗာပူးလ်နဲ့ ချဲလ်ဆီးတို့ ကလည်း ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားတွေမှာ ဆက်ရှိနေသေးတော့ အာရုံနောက်စရာတွေ ရှိနေတယ်။ ဒါကြောင့် ယူနိုက်တက် အနေနဲ့ ထိပ်ဆုံး ၄ သင်းထဲ မဝင်နိုင်စရာ အကြောင်း မရှိဘူးလို့ မြင်ပါတယ်။” လို့ သုံးသပ် ပြောဆိုခဲ့ပါတယ်။
ဂယ်ရီ နီဗီးလ် ကတော့ သူ့ရဲ့ Gary Neville Podcast အစီအစဉ်မှာ “သူတို့ (ယူနိုက်တက်) အတွက် ထိပ်ဆုံး ၄ သင်းထဲ ဝင်ဖို့ အခွင့်အရေးကောင်းကြီး ရနေပါပြီ။ တခြား အသင်းတွေက ဥရောပ ပွဲစဉ်တွေ ကစားရတော့မှာ ဆိုတော့ အာရုံပြန့်လွင့်စရာတွေ ရှိလာမယ်။ ယူနိုက်တက်မှာ ကတော့ အဲ့ဒီလို အာရုံနောက်စရာ မရှိပါဘူး။ ကျွန်တော် ကတော့ သူတို့ အဆင့် (၃) ထိ တက်နိုင်မယ်လို့တောင် ထင်မိတယ်။ ဗီလာ အသင်း အမှတ်တွေ လျော့လာလိမ့်မယ်လို့ ကျွန်တော် လွန်ခဲ့တဲ့ အပတ်ကတည်းက ပြောခဲ့ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
အဓိက ကတော့ ယူနိုက်တက်ဟာ အဓိက ပြိုင်ဘက်တွေလို တခြားသော ပြိုင်ပွဲတွေ အတွက် အာရုံစိုက်စရာ မလိုခြင်းက ပရီးမီးယားလိဂ် Top 4 ဝင်ဖို့ အခြေအနေကောင်းနေစေတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ် ၁၁ ပွဲမှာ နယူးကာဆယ်၊ ဗီလာ၊ ချဲလ်ဆီး၊ လစ်ဗာပူးလ် တို့လို အသင်းကြီးတွေနဲ့ ကစားရဦးမှာပါ။ ဒါ့အပြင် ဘရန့်ဖို့ဒ်၊ ဘရိုက်တန်၊ လိဒ်စ်၊ ဖောရက်စ် တို့လို အသင်းကြီးတွေကို ဒုက္ခပေးတတ်တဲ့ အသင်းတွေနဲ့လည်း ရင်ဆိုင်ရဦးမှာ ဖြစ်လို့ လုံးဝ ပေါ့ဆလို့ မရပါဘူး။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


