ဘေယန်မြူးနစ် နည်းပြ ဗင်းန်ဆင့် ကွန်ပနီ ကတော့ ယူနီယံဘာလင်ကို အနိုင်ရတဲ့ ဘွန်ဒက်စ်လီဂါ ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ဆာ့ဂျ် ဂနာဘရီကို ချီးကျူး စကားဆိုလိုက်ပါတယ်။ ဂနာဘရီဟာ ခြေစွမ်းပြနေပေမယ့် လူအထင်ကြီးခံရမှု မရှိတဲ့ underrated ကစားသမား အဖြစ် သတ်မှတ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဘေယန်မြူးနစ်ဟာ အလိုင်းရန့်ဇ်အရီနာမှာ ယူနီယံဘာလင်ကို ၄-၀ ဂိုးနဲ့ အပြတ်အသတ် အနိုင်ယူပြီး ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား ဒုတိယ နေရာက အသင်းကို ၉ မှတ် အကွာနဲ့ ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဘေယန်မြူးနစ် အတွက် မိုက်ကယ် အိုလီဆေးနဲ့ ဟယ်ရီကိန်းတို့ ကလည်း ဂိုးတွေ အသီးသီး သွင်းယူပေးခဲ့ကြပါတယ်။
ဘေယန်မြူးနစ်နဲ့ ၂၀၂၈ ခုနှစ် အထိ စာချုပ်သစ်ချုပ်ဆိုထားတဲ့ ဆာ့ဂျ် ဂနာဘရီဟာ ဒီပွဲမှာ ပထမပိုင်းနဲ့ ဒုတိယပိုင်းတွေမှာ တစ်ဂိုးစီ သွင်းယူခဲ့လို့ ဒီရာသီ သူရဲ့ ဘွန်ဒက်စ်လီဂါ သွင်းဂိုးဟာ ၈ ဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို ခြေစွမ်းပြနိုင်ခဲ့တဲ့ ဂနာဘရီနဲ့ ပတ်သတ်လို့ နည်းပြ ဗင်းန်ဆင့် ကွန်ပနီ ကတော့ အခုလိုပဲ ပြောကြားခဲ့ပါတယ်။
ကွန်ပနီက “သူဟာ ကျွန်တော်တို့ အသင်းက တခြား တိုက်စစ်မှူးတွေလိုပဲ ထူးချွန်သူ တစ်ယောက်ပါ။ အမှန်အတိုင်း ပြောရရင် ဆာ့ဂျ် အကြောင်းကို တခြားသူတွေထက်တောင် ပိုပြီး အကောင်း မြင်တဲ့ ဘက်ကနေ ပြောပြချင်ပါတယ်။ သူဟာ ဒဏ်ရာတွေ ခဏခဏ ရလို့ အသင်း ပြင်ပ ရောက်နေရတာ များတာကြောင့် သူ့ရဲ့ ခြေစွမ်းတည်ငြိမ်မှု အပိုင်းမှာ အနည်းငယ် ထိခိုက်ခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ သူဟာ ကွင်းလယ်၊ ဘယ်တောင်ပံနဲ့ ညာတောင်ပံ စတဲ့ နေရာစုံမှာ အကောင်းဆုံး ကစားပေးနေပါတယ်။ သူဟာ ကွင်းထဲမှာရော အသင်းရဲ့ အဝတ်လဲခန်းထဲ မှာပါ ကျွန်တော်တို့ အတွက် အရေးပါတဲ့ ကစားသမား ပါပဲ။” လို့ ကွန်ပနီက ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ကွန်ပနီက ဂနာဘရီရဲ့ အရည်အချင်းဟာ ဒဏ်ရာ ပြဿနာတွေကြောင့် လူအများရဲ့ အထင်သေးတာကို ခံနေရတာ ဖြစ်ပြီး အခုလို ခြေစွမ်းပြနိုင်တဲ့ အတွက် ဝမ်းသာမိကြောင်းလည်း ဖြည့်စွက် ပြောဆိုခဲ့ပါတယ်။
ဒီရာသီ ဘွန်ဒက်စ်လီဂါမှာ ၃၁ ဂိုးမြောက် ဂိုးကို သွင်းယူနိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် ဟယ်ရီကိန်း ကလည်း သူ့ရဲ့ အသင်းဖော်ကို အခုလိုပဲ ချီးကျူးခဲ့ပါတယ်။ “သူ့ရဲ့ ကစားပုံက တကယ့်ကို အံ့ဩစရာ ကောင်းပြီး ခွန်အား အပြည့် ရှိတာ တွေ့ရပါတယ်။ တစ်ဦးချင်း ရင်ဆိုင်ရတဲ့ အခါမှာ သူက တော်တော်လေး အန္တရာယ်ရှိသလို အဆုံးသတ်ပိုင်း မှာလည်း အရမ်း ကောင်းပါတယ်။ သူဟာ ကျွန်တော်နဲ့ အတူ ကစားဖူးသမျှထဲမှာ အကောင်းဆုံး အဆုံးသတ်နိုင်တဲ့ ကစားသမားတွေ ထဲက တစ်ယောက်ပါ။ သူ့ကို အခွင့်အရေး ပေးလိုက်ရင် သူ ဂိုးသွင်းမှာပါပဲ။”
“ဒီပွဲဟာ ကျွန်တော်တို့ ဒီရာသီမှာ အကောင်းဆုံး ကစားနိုင်ခဲ့တဲ့ ပွဲတွေထဲက တစ်ပွဲပါ။ ဘောလုံး ပေးပို့မှု၊ ဒုတိယ ဘောလုံးတွေကို အရယူနိုင်မှုနဲ့ ပွဲရဲ့ အရှိန်အဟုန်ကို မြှင့်ထားနိုင်မှုတွေက အစ ကနေ အဆုံးထိ ကောင်းမွန်ခဲ့ပါတယ်။” လို့ ကိန်းက ပြောပါတယ်။
ဘေယန်မြူးနစ်ဟာ ဒီနိုင်ပွဲကြောင့် ဘွန်ဒက်စ်လီဂါ ချန်ပီယံဆု အတွက် အခြေအနေ တော်တော်လေး ကောင်းမွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဘေယန်မြူးနစ်ဟာ လက်ကျန် ပွဲစဉ် ၇ ပွဲ ကစားဖို့ ကျန်ရှိနေသေးပေမယ့် ခက်ခဲတဲ့ ပြိုင်ဘက် မရှိတော့တာကြောင့် အမှတ်ပေး ချန်ပီယံဆုကို နှစ်နှစ်ဆက် ပြန်လည် ဆွတ်ခူးနိုင်ဖို့ အခြေအနေကောင်းနေပြီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


