အက်စတွန်ဗီလာ ကတော့ မန်စီးတီးကို ၂-၁ နဲ့ အနိုင်ရရှိပြီး ပရီးမီးယားလိဂ် စတုတ္ထနေရာနဲ့ ရာသီသိမ်းနိုင်ဖို့ အတွက် ဆက်တိုက် ခြေစွမ်းပြနေတဲ့ အိုလီ ဝက်ကင်းစ်က ၂ ဂိုး သွင်းယူပေးခဲ့ပြန်ပါတယ်။
ဗီလာဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ယူရိုပါလိဂ် ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ပြီးနောက်မှာလည်း မန်ချက်စတာစီးတီးကို ၂-၁နဲ့ အနိုင်ရရှိအောင် ၂ ဂိုးသွင်းယူပေးနိုင်ခဲ့လို့ ဖော်ပြမပြနိုင်လောက်အောင် ကောင်းမွန်တဲ့ သီတင်းပတ်ကို ပိုင်ဆိုင်လိုက်ရပြီ ဖြစ်ကြောင်း အက်စတွန်ဗီလာ တိုက်စစ်မှူး အိုလီ ဝက်ကင်းစ်က ဝမ်းမြောက်ဝမ်းသာစွာနဲ့ ပြောကြားခဲ့ပါတယ်။
အက်တီဟတ်မှာ ကစားခဲ့တဲ့ အဆိုပါ ပွဲစဉ်မှာ ပွဲချိန် ၂၃ မိနစ်ကတည်းက အန်တွန် ဆီမီညိုရဲ့ သွင်းဂိုးကြောင့် ဗီလာတို့ ဦးဆောင်ခြင်း ခံခဲ့ရတာပါ။ ဒါပေမယ့် ဒုတိယပိုင်း ပြန်လည် စတင်ပြီး ၁၆ မိနစ် အတွင်း မှာတင် ဝက်ကင်းစ်က ၂ ဂိုး ဆက်တိုက် သွင်းယူကာ ဗီလာ အသင်း အတွက် ပွဲအဖြေကို ပြောင်းပြန်လှန်ပေးခဲ့ပါတယ်။
ပွဲချိန်နှောင်းပိုင်းမှာ မန်စီးတီး ကွင်းလယ်လူ ဖီးလ် ဖိုဒန်က ချေပဂိုး သွင်းယူနိုင်ခဲ့ပေမယ့် VAR ပြန်လည် ကြည့်ရှု အပြီးမှာ လူကျွံဘော အဖြစ် အငြင်းပွားဖွယ် ပယ်ဖျက်ခြင်း ခံခဲ့ရပါတယ်။ ဒါကြောင့် ဗီလာ အသင်း သုံးမှတ် အပြည့် ရရှိခဲ့ပြီး ၁၉၉၂-၉၃ ပရီးမီးယားလိဂ် ရာသီ နောက်ပိုင်း သူတို့ အသင်းရဲ့ အမြင့်ဆုံး စံချိန်ဖြစ်တဲ့ စတုတ္ထနေရာနဲ့ ရာသီသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီလို စတုတ္ထနေရာ ရရှိခဲ့ခြင်းဟာ နည်းပြ အူနိုင်း အမ်မရီရဲ့ အသင်း အတွက် အောင်မြင်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ရာသီတစ်ခုကို ပိုမိုတောက်ပစေခဲ့ပါတယ်။ သူတို့ဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ဖရိုင်းဘတ် ကို ၃-၀ နဲ့ အနိုင်ယူပြီး နှစ်ပေါင်း ၃၀ အတွင်း အသင်းရဲ့ ပထမဆုံးသော အဓိက ဆုဖလားကြီး ကိုလည်း ဆွတ်ခူးထားနိုင်ခဲ့တာပါ။
မန်စီးတီး နည်းပြ ပပ် ဂွါဒီယိုလာရဲ့ မန်စီးတီး နည်းပြ သက်တမ်းကို ရှုံးနိမ့်မှုနဲ့ အတူ အဆုံးသတ်စေခဲ့ပြီးနောက် ဝက်ကင်းစ်က Sky Sports ကို အခုလို ပြောကြားခဲ့ပါတယ်။ “ကျွန်တော့် ကစားသမားဘဝမှာ ဒါဟာ အကောင်းဆုံး သီတင်းပတ်တစ်ခုပါပဲ။ တကယ်ကို မယုံကြည်နိုင်လောက်တဲ့ ရက်သတ္တပတ် တစ်ခု ဖြစ်ပြီး ကျွန်တော်တို့ အခုထိ အောင်မြင်ခဲ့တာတွေက ဖော်ပြလို့တောင် မရနိုင်ပါဘူး။ ဒီနေ့ပွဲကို ဒီလို အမြင့်ဆုံး ခြေစွမ်းနဲ့ အဆုံးသတ်နိုင်ခဲ့တာ တကယ့်ကို ထိပ်တန်းပါပဲ။ ဘယ်တော့မှ မေ့မရနိုင်မယ့် သီတင်းပတ် တစ်ခုပါ”

“ယူရိုပါလိဂ်မှာ အနိုင်ရပြီး နောက်ပိုင်း ရက်အနည်းငယ်လောက် အောင်ပွဲခံ သောက်စားခဲ့ကြလို့ ကစားသမား တချို့ ပွဲထွက်လူစာရင်း ကနေ နုတ်ထွက်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော် ဒီနေ့ပွဲမှာ ကစားခွင့် ရခဲ့တယ်၊ အရာရာတိုင်းက အကြောင်းရှိလို့ ဖြစ်လာတာပါ။ ၂ ဂိုး သွင်းနိုင်ခဲ့ပြီး အသင်းလည်း အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ သွင်းဂိုး ၂ ဂိုးအတွက်လည်း တကယ်ပဲ ဝမ်းသာပါတယ်။ VAR က အောင်ပွဲခံတာကို အရှိန်သတ်ပစ်သလိုမျိုး ဖြစ်စေပေမယ့်ပေါ့။ ဖီးလ် (ဖိုဒန်) အတွက်တော့ ကံမကောင်းပါဘူး။ သူ လူကျွံတာ ဟုတ်မဟုတ်တော့ ကျွန်တော် သေချာမသိပေမယ့် အနိုင်ရခဲ့လို့ တကယ်ပဲ ပျော်ပါတယ်” လို့ ဝက်ကင်းစ်က ဆိုပါတယ်။
ဝက်ကင်းစ်ဟာ အခု ပရီးမီးယားလိဂ် ရာသီမှာ ဗီလာရဲ့ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ၁၆ ဂိုး အထိ သွင်းယူပေးထားနိုင်ပါတယ်။ သူဟာ နောက်ဆုံး ၃ ပွဲ အတွင်း မှာတင် ၅ ဂိုး သွင်းကာ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ အထိ အကောင်းဆုံး ပုံစံကောင်းကို ပြသနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဝက်ကင်းစ်ဟာ ပရီးမီးယားလိဂ် သမိုင်းတလျှောက်မှာ မန်ချက်စတာစီးတီး၊ လစ်ဗာပူးလ်နဲ့ ချဲလ်ဆီး အသင်းကြီး ၃ သင်းလုံးကို ရာသီတစ်ခုထဲမှာ တစ်ပွဲ ၂ ဂိုးစီ သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးသော ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။
ဥရောပရဲ့ ထိပ်တန်းလိဂ် ၅ ခုမှာ ကစားနေတဲ့ အင်္ဂလန် အသင်းဖော် ဟယ်ရီကိန်း (၁၃ ဂိုး) နဲ့အတူ ဝက်ကင်းစ်ဟာ ပြိုင်ပွဲစုံမှာ ၁၀ ဂိုးနဲ့ အထက် သွင်းယူနိုင်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမား နှစ်ဦး အဖြစ် မှတ်တမ်းလည်း ဝင်ခဲ့ပါတယ်။ ဒါ့အပြင် တနင်္ဂနွေနေ့က သွင်းယူခဲ့တဲ့ ၂ ဂိုးကြောင့် သူ့ရဲ့ သွင်းဂိုး စုစုပေါင်းဟာ ၁၁ ဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ဗီလာနည်းပြ အမ်မရီ ကလည်း သူ့ရဲ့ တိုက်စစ်မှူး ပြောစကားကို ထောက်ခံခဲ့ပြီး ဒီရာသီဟာ အသင်း အတွက် “ထူးချွန်ပြောင်မြောက်တဲ့ ရာသီ” တစ်ခု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အမ်မရီက BBC Match of the Day ကို အခုလို ပြောကြားခဲ့ပါတယ်။
“တကယ်ကို ထူးချွန် ပြောင်မြောက်တဲ့ သီတင်းပတ်နဲ့ ရာသီ တစ်ခုပါပဲ၊ အထူးသဖြင့် ကျွန်တော်တို့ ရာသီသိမ်းခဲ့တဲ့ ပုံစံက အံ့ဩစရာပါ။ ပြီးခဲ့တဲ့ နောက်ဆုံး ၃ ပွဲမှာ ကျွန်တော် တို့ရဲ့ အာရုံစိုက်မှုက အရမ်းပဲ အရေးကြီးခဲ့ပါတယ်။ ကျွန်တော်တို့ အင်အားတွေနဲ့ ခြေစွမ်းတွေကို ပြန်လည် စုစည်းပြီး လစ်ဗာပူးလ်၊ မန်စီးတီး တို့ကို အနိုင်ယူကာ ရမှတ် ၆၅ မှတ်၊ အဆင့် ၄ နေရာနဲ့ အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့ပါတယ်” လို့ အူနိုင်း အမ်မရီက ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


