တော့တင်ဟမ်ဟော့စပါး ကတော့ ပရီးမီးယားလိဂ် ကနေ တန်းမဆင်းရရေး အတွက် အခုတပတ်မှာ လိဒ်စ်ယူနိုက်တက်နဲ့ အရေးကြီး ပွဲစဉ် ကစားရဖို့ ရှိနေပါတယ်။
ဒီအချိန်မှာ ကွင်းလယ်လူ ရိုဒရီဂို ဘန်တန်ကာက နည်းပြ ရော်ဘတ်တို ဒီဇာဘီဟာ စပါး အသင်းရဲ့ စိတ်ဓာတ်ပိုင်းကို ပြောင်းလဲပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း ယုံကြည်နေပြီး လိဒ်စ်နဲ့ ပွဲမှာ တန်းမဆင်းရရေး အတွက် အရေးပါတဲ့ ခြေလှမ်းသစ် တစ်ရပ် ဆက်လှမ်းနိုင်မယ်လို့ မျှော်လင့်နေပါတယ်။
တနင်္ဂနွေနေ့က ဝက်စ်ဟမ်းဟာ အာဆင်နယ်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် စပါး အနေနဲ့ လိဂ်ပွဲစဉ် ၂ ပွဲသာ ကျန်ရှိတော့ချိန်မှာ တန်းဆင်းဇုန်နဲ့ ၄ မှတ် အကွာအဝေး အထိ ရောက်ရှိသွားအောင် ရုန်းထွက်နိုင်မယ့် အခွင့်အရေးကောင်း တစ်ခု ရရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီဇာဘီရဲ့ စပါးဟာ ပြီးခဲ့တဲ့ပွဲစဉ်တုန်းက လူစုံမပါဝင်နိုင်ခဲ့တဲ့ အက်စတွန်ဗီလာအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ယူခဲ့သလို၊ အဲဒီမတိုင်ခင်ကလည်း တန်းဆင်းသွားခဲ့ပြီ ဖြစ်တဲ့ ဝုဗ်ကို ၁-၀ နဲ့ ကပ်နိုင်ခဲ့တာကြောင့် လက်ရှိမှာ ၂ ပွဲ ဆက်တိုက် နိုင်ပွဲ ရရှိထားတာ ဖြစ်ပါတယ်။
Opta စူပါကွန်ပျူတာရဲ့ နောက်ဆုံး တွက်ချက်မှုတွေ အရ စပါး အသင်း တန်းဆင်းရနိုင်ခြေဟာ ၁၂.၃ ရာခိုင်နှုန်းသာ ရှိတော့ပြီး၊ ဝက်စ်ဟမ်း အသင်း အဆင့် ၁၈ နေရာနဲ့ ရာသီပိတ်သွားနိုင်ခြေ ကတော့ ၈၇.၇ ရာခိုင်နှုန်း အထိ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
ဒီဇာဘီဟာ ပရီးမီးယားလိဂ်မှာ ၁၅ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေတဲ့ စပါးကို လာရောက် ကိုင်တွယ်ခဲ့တာ ဖြစ်ပြီး၊ အီတလီ လူမျိုးနည်းပြရဲ့ လုပ်ဆောင်ပုံတွေ အပေါ် ဘန်တန်ကာက အလွန်သဘောကျနေတာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ အသင်းရဲ့ အခြေအနေကို နားလည်ပါတယ်။ နိုင်ပွဲတွေ ပြန်လည် ရရှိလာတဲ့ အခါ မှာတော့ အသင်းရဲ့ စွမ်းအင်တွေက အများကြီး ပြောင်းလဲသွားပြီး စိတ်ဓာတ်ပိုင်းလည်း တကယ်ကို ကောင်းမွန်လာပါတယ်” လို့ ဘန်တန်ကာက ကလပ် ဝက်ဘ်ဆိုက်ကို ပြောကြားခဲ့ပါတယ်။
“ရော်ဘတ်တိုက အပြုသဘောဆောင်တဲ့ အတွေးအခေါ်နဲ့ ကောင်းမွန်တဲ့ အမြင်တွေ ရရှိအောင် အမြဲလုပ်ဆောင်ပေးပါတယ်။ သူက ကျွန်တော် တို့ကို ‘မင်းတို့တွေက ကောင်းကောင်း ကစားနိုင်တဲ့သူတွေ၊ အခု လိုအပ်တာက အရင်လို ပြန်ကစားပြဖို့ပဲ’ လို့ ပြောခဲ့ပြီး အဲဒီအတိုင်းပဲ ကျွန်တော်တို့ ကြိုးစားခဲ့ကြပါတယ်။” လို့ ဆိုပါတယ်။
“သူဟာ နည်းဗျူဟာပိုင်းမှာ တကယ်ကို တော်သလို ဘောလုံးပိုင်ဆိုင်မှု ကစားပုံ မှာလည်း အံ့ဩစရာကောင်းပါတယ်။ တစ်ပတ်လုံး လေ့ကျင့်ခဲ့တာတွေကို ကွင်းထဲမှာ ပြန်လည် အသုံးချနိုင်ဖို့ ကြိုးစားခဲ့ကြပြီး၊ ဗီလာနဲ့ ပွဲစဉ်မှာ ကျွန်တော်တို့ ဘယ်လိုကစားချင်လဲ ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။ ဒီပုံစံ အတိုင်းပဲ ဆက်သွားချင်ပါတယ်။” လို့ ဘန်တန်ကာက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
တခြားတစ်ဖက်မှာ အာဆင်နယ်နဲ့ ပွဲမှာ ဝက်စ်ဟမ်း ရှုံးနိမ့်သွားခဲ့ခြင်းက လိဒ်စ်ယူနိုက်တက်ကို လာမယ့် ရာသီ ပရီးမီးယားလိဂ်မှာ ဆက်လက် ရှိနေဖို့ သေချာသွားစေခဲ့ပေမယ့် ရာသီကို အကောင်းဆုံး ဖြတ်သန်းချင်နေဆဲ ဖြစ်ပါတယ်။ စပါးဟာ လိဒ်စ်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ၉ ပွဲမှာ ၈ ပွဲ အထိ အနိုင်ရရှိထားပြီး၊ ၂၀၂၁ ခုနှစ် မေလက မာဆယ်လို ဘီယဲလ်ဆာရဲ့ လိဒ်စ်ကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း ၅ ပွဲ ဆက်တိုက် အနိုင်ရရှိထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဝုဗ် နဲ့ အက်စတွန်ဗီလာ တို့ကို အနိုင်ရရှိခဲ့ပြီးနောက် စပါးဟာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက် အနိုင်ရရှိဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။ ဒီဇာဘီ ကိုင်တွယ်ခဲ့တဲ့ ၄ ပွဲအတွင်း စပါးဟာ Final third ထဲမှာ ပျမ်းမျှ တစ်ပွဲကို ဘောလုံး ပြန်လည်လုယူနိုင်မှု ၅.၃ ကြိမ် အထိ ရှိခဲ့ပါတယ်။ ဒါဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၄ ပွဲနဲ့ အထက် ကိုင်တွယ်ထားတဲ့ နည်းပြတွေထဲမှာ အများဆုံး ဖြစ်ပြီး နည်းပြဟောင်း သောမတ်စ် ဖရန့်ခ် (၃.၇ ကြိမ်) နဲ့ အိုင်ဂေါ တူဒေါ (၃.၈ ကြိမ်) တို့ထက် သိသိသာသာ မြင့်မားနေတာ ဖြစ်ပါတယ်။
အိမ်ကွင်း အားသာချက် ရှိနေတဲ့ စပါးဟာ ပွဲကြိုခန့်မှန်းချက်တွေ အရ အနိုင်ရဖို့ ရေပန်းစားနေပေမယ့်လည်း ဖာကီရဲ့ လိဒ်စ် ကိုတော့ လွယ်လွယ်ကူကူ ရင်ဆိုင်ရမှာ မဟုတ်ပါဘူး။ ဒီဇင်ဘာလဆန်းပိုင်းက စပြီး ပရီးမီးယားလိဂ်မှာ လိဒ်စ် အသင်းထက် ရမှတ် ပိုမို ရရှိထားတာ (ရမှတ် ၃၂ မှတ်) ၆ သင်းသာ ရှိပြီး၊ ရှုံးပွဲ ၄ ပွဲထက် နည်းပါးခဲ့တာ ဆိုလို့ မန်စီးတီး (၁ ပွဲ)၊ ယူနိုက်တက်နဲ့ ဘုန်းမောက် (နှစ်သင်းစလုံး ၃ ပွဲစီ) သာ ရှိခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


