အဲဗာတန် ကတော့ Hill Dickinson မှာ လီယမ် ရိုစီနီယာရဲ့ ချဲလ်ဆီးကို ဂိုးပြတ် အနိုင်ယူပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ချဲလ်ဆီးကို ၂ မှတ် အကွာနဲ့ အနီးကပ် ဖိအားပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ညက ကစားခဲ့တဲ့ ဒီပွဲမှာ ခြေစွမ်းပိုင်းက တော်တော်လေးကို ဆိုးရွားခဲ့ပြီး အသင်းကြီး တစ်သင်းလို့တောင် မထင်ရတဲ့ အထိ အားနည်းချက် များစွာနဲ့ မြင်တွေ့ခဲ့ရတာပါ။
ပွဲစဉ်အကျဉ်း
အဲဗာတန် တိုက်စစ်မှူး ဘတ်တိုဟာ ဒီပွဲမှာ သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ကာ တော်ဖီတွေ အတွက် အဓိက ခြေစွမ်းပြခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် အဲဗာတန်ဟာ ဥရောပ ဝင်ခွင့် မျှော်လင့်ချက် အားကောင်းလာခဲ့သလို၊ တစ်ဖက် မှာလည်း ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ ရိုစီနီယာရဲ့ ချဲလ်ဆီး အသင်းကို တက်လှမ်း ကျော်ဖြတ်ဖို့ ခြေလှမ်းပြင်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
အဖွင့်ဂိုး ကိုတော့ ပွဲချိန် ၃၃ မိနစ်မှာ ဂျိမ်းစ် ဂါနာရဲ့ တိကျတဲ့ ဖောက်ထွက် ကန်တင်ဘော ကနေ တဆင့် ဘတ်တိုက ဂိုးသမား ရောဘတ် ဆန်းချက်ဇ်ရဲ့ အပေါ် ကနေ အသာလေးကျော် ကန်သွင်းပြီး ရယူခဲ့ပါတယ်။ ချဲလ်ဆီး ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ရဲ့ အနီးကပ် ကန်ချက်နဲ့ ထောင့်ဖြတ် ကန်ချက်တွေကို အဲဗာတန် ဂိုးသမား ဂျော်ဒန် ပစ်ခ်ဖို့ဒ်က လက်စွမ်းပြ ကာကွယ်ခဲ့တာကြောင့် ချဲလ်ဆီးတို့ ချေပဂိုးနဲ့ လွဲချော်ခဲ့ရပါတယ်။
ပွဲချိန် ၆၂ မိနစ် မှာတော့ ချဲလ်ဆီး ဂိုးသမား ရောဘတ် ဆန်းချက်ဇ်ရဲ့ အမှား ကနေ တဆင့် အဲဗာတန် ဒုတိယဂိုး ရခဲ့ပါတယ်။ ဘတ်တိုရဲ့ တည့်မတ်တဲ့ ကန်ချက်ဟာ ဆန်းချက်ဇ်ရဲ့ ခြေထောက်ကြားထဲ ကနေ ဂိုးထဲကို လိမ့်ဝင်သွားခဲ့တာပါ။ ပွဲချိန် ၇၆ မိနစ်မှာ ဘတ်တိုရဲ့ ခေါင်းတိုက်ချပေးမှုက တဆင့် အီလီမန် အန်ဒီယေးက ပြိုင်ဘက် နောက်ခံလူတွေကို ထိုးဖောက် ကျော်ဖြတ်ပြီး ဂိုးရဲ့ ညာဘက် အပေါ်ထောင့်ထဲကို လှလှပပ ကန်သွင်းကာ အနိုင်ဂိုးကို အတည်ပြုခဲ့ပါတယ်။
ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ
ဒီပွဲဟာ တိုက်စစ်မှူး ဂီနီယာ ဘစ်ဆာအူ တိုက်စစ်မှူး ဘတ်တို အတွက်တော့ မှတ်တိုင်သစ်တွေ စိုက်ထူနိုင်ခဲ့တဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ဘတ်တိုဟာ Hill Dickinson ကွင်းမှာ ပရီးမီးယားလိဂ် တစ်ပွဲတည်း ၂ ဂိုးသွင်းနိုင်တဲ့ စတုတ္ထမြောက် ကစားသမား ဖြစ်လာသလို အဲဗာတန် အတွက်တော့ ပထမဆုံး ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ် အတွင်း သူသွင်းယူထားတဲ့ ၅ ဂိုးဟာ အဲဗာတန် ကစားသမားတွေထဲမှာ အများဆုံးလည်း ဖြစ်နေပါတယ်။ ၂၀၂၂ ခုနှစ်က အူဒီးနီးစ် အသင်းမှာ ဟက်ထရစ် သွင်းယူခဲ့ပြီး နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် လိဂ်ပွဲ တစ်ပွဲတည်းမှာ ဂိုးပါဝင် ပတ်သက်မှု ၃ ကြိမ် (၂ ဂိုး သွင်း၊ ၁ ဂိုး ဖန်တီး) ပြုလုပ်နိုင်ခဲ့တာပါ။

ချဲလ်ဆီး ကတော့ ပြိုင်ပွဲစုံ ၄ ပွဲ ဆက်တိုက် ရှုံးနိမ့်ထားပြီး နောက်ဆုံး ၃ ပွဲမှာ ဂိုး တစ်ဂိုးမှ မသွင်းနိုင်ခဲ့ပါဘူး။ ဒါဟာ ၂၀၂၃ စက်တင်ဘာလ နောက်ပိုင်း ပထမဆုံးအကြိမ် ဂိုးပေါက် ပျောက်ဆုံးနေမှု ဖြစ်ပြီး အဲဒီ ၃ ပွဲ အတွင်း ဂိုးပေါက် ကန်သွင်းချက် ၅၂ ကြိမ် အထိ ပြုလုပ်ခဲ့ပေမယ့် ဂိုးမရခဲ့တာ ဖြစ်ပါတယ်။ ခြေစွမ်းအရ မျှော်မှန်းဂိုး (xG) မှာ ချဲလ်ဆီးက ၁.၁၁ ရှိပြီး အဲဗာတန်ရဲ့ ၀.၉၈ ထက် သာလွန်ခဲ့ပေမယ့် အဆုံးသတ် မသေချာမှုတွေကြောင့် ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။
ဒီတော့ ပြောစရာ ရှိလာတာက ချဲလ်ဆီးရဲ့ ခြေစွမ်းပိုင်း ဖြစ်ပါတယ်။ ဒီပွဲမှာ တာဝန်ကျေခဲ့သူတွေ ဆိုလို့ ပရိသတ်တွေပဲ ရှိမယ်လို့ ထင်ပါတယ်။ ဒီပုံစံနဲ့ လီယမ် ရိုစီနီယာကို ဆက်လက် ယုံကြည်ပေးဖို့ ဆိုတာ ခက်ခဲပါလိမ့်မယ်။ ဒဲ့ဝေဖန်ရရင်တော့ ရိုစီနီယာက ချဲလ်ဆီးလို အသင်းကို ကိုင်တွယ်နိုင်တဲ့ အဆင့်အတန်းမျိုး ရှိသူ မဟုတ်ပါဘူး။ အန်ဇို မာရက်စ်ကာနဲ့ လမ်းခွဲလိုက်တာက ချဲလ်ဆီး အတွက် အကြီးမားဆုံး အမှားပါပဲ။ တကယ်တော့ ချဲလ်ဆီးရဲ့ အခု လူစာရင်းက ကလပ် ကမ္ဘာ့ဖလား ယူခဲ့တဲ့ လူစာရင်းနဲ့ အများကြီး ကွာခြားနေခြင်း မရှိပါဘူး။ တော့ဒ် ဘိုလေ ဦးဆောင်တဲ့ ချဲလ်ဆီး အသင်း တာဝန်ရှိသူတွေ အနေနဲ့ ဒီအခြေအနေကို အမြန်ဆုံး ပြင်ဆင်နိုင်ဖို့ လိုအပ်နေပါပြီ။
ချဲလ်ဆီးက ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ်တွေ အဖြစ် မန်ချက်စတာ မြို့ခံ နှစ်သင်း၊ ဘရိုက်တန်၊ ဖောရက်စ်၊ လစ်ဗာပူးလ်၊ စပါး၊ ဆန်းဒါးလန်း တို့နဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။ လက်ကျန် ပွဲစဉ် အခြေအနေအရတော့ ချဲလ်ဆီး အတွက် ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ တော်တော်လေး ခက်ခဲနေဦးမှာပါ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


